ချိုင်းချွေးနံ့ထွက်လို့ စိတ်အနှောင့်အယှက် ဖြစ်နေရသလား
ရာသီဥတု ပူတဲ့အခါ ချွေးထွက်ပြီး ခန္ဓာကိုယ်ကို အေးအောင်လုပ်ပေးတာက ခန္ဓာကိုယ်ရဲ့ သဘာဝ Air Conditioning ဖြစ်တဲ့ ပုံမှန်လုပ်ငန်းစဥ်ပါပဲ။ ဒါပေမယ့် အေးတဲ့ရာသီဥတုတွေမှာ ဒါမှမဟုတ် အဲကွန်းခန်းထဲမှာ အနားယူနေချိန်တွေမှာတောင်မှ ချွေးတလုံးလုံးနဲ့ အထူးသဖြင့် ချိုင်းချွေးတစိုစိုနဲ့ နံနေရင်တော့ ပုံမှန်မဟုတ်တော့ပါဘူး။
ခန္ဓာကိုယ်မှာ Sweat Glands လို့ခေါ်တဲ့ ချွေးထွက်တဲ့ဂလင်းပေါင်း ၂ သန်းကနေ ၄ သန်းထိရှိပြီး အများစုက ခြေဖဝါး၊ လက်ဖဝါး၊ နဖူး၊ ပါးပြင်နဲ့ ချိုင်းကြားမှာ ရှိပါတယ်။ ပုံမှန်အားဖြင့် Eccrine လို့ခေါ်တဲ့ ချွေးဂလင်းတွေက အနံ့မရှိ၊ အရောင်မရှိတဲ့ ချွေးတွေကို ထုတ်ပေးပြီး ခန္ဓာကိုယ်ကို အေးမြအောင် လုပ်ဆောင်ပေးပါတယ်။
ချိုင်းချွေးအလွန်းအမင်းထွက်ခြင်းကို Axillary Hyperhydrosis လို့ ခေါ်ပြီး ဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရပါဘူး။ ခန္ဓာကိုယ်ဟာ ပူနေတယ်လို့ ဦးနှောက်နဲ့အာရုံကြောတွေကနေ ချွေးဂလင်းတွေကို အချက်ပြလိုက်တဲ့အခါ ချွေးဂလင်းတွေက ပုံမှန်ထက် အလုပ်ပိုလုပ်ပြီး အလွန်အမင်း ချွေးထွက်လာရပါတယ်။
ဘာကြောင့် အချက်ပြသလဲ?
- ဟော်မုန်းတွေကြောင့်
- လေ့ကျင့်ခန်းနဲ့ ကိုယ်လက်လှုပ်ရှားမှု အလွန်အကျွံလုပ်တာကြောင့်
- စိတ်လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်ပူနေကြောင်း ချွေးဂလင်းတွေကို အချက်ပြလိုက်တဲ့အခါ ချွေးဂလင်းတွေဟာ ချွေးထုတ်ပေးခြင်းဖြင့် အပူချိန်ကို လျော့ကျစေပါတယ်။
ချိုင်းချွေးထွက်လွန်နေသူတွေမှာ အဆိုပါအချက်ပြမှုကို လက်ခံရရှိတဲ့ ချိုင်းကြားက ချွေးဂလင်းတွေဟာ ပုံမှန်ထက် အလုပ်ပိုလုပ်ပြီး ချွေးအများအပြား ထုတ်ပေးတာပါ။
- ချိုင်းချွေးဂလင်းတွေ ပုံမှန်ထက်အလုပ်လုပ်တဲ့ Primary Hyperhydrosis
- ရောဂါအခံတစ်ခုခု သို့မဟုတ် ဆေးတစ်ခုခုကြောင့် ဖြစ်တဲ့ Secondary Hyperhydrosisနဲ့
- ခန္ဓာကိုယ်တစ်ခုလုံးက ချွေးဂလင်းတွေ ပုံမှန်ထက် အလုပ်လုပ်တဲ့ Generalised Hyperhydrosis သုံးမျိုးလုံးကြောင့် ချိုင်းချွေးထွက်လွန်နိုင်ပါတယ်။
ဘယ်လိုကုသမလဲ?
- Antiparspirants လို့ခေါ်တဲ့ ချွေးထွက်နည်းအောင် ပြုလုပ်ထားတဲ့ Roll-on တွေ၊ Spray တွေ ချိုင်းကြားမှာ သုံးလို့ရပါတယ်။ Antiparspirants တွေကို ချွေးဂလင်းတွေထဲကို စုပ်ယူလိုက်ပြီး ချွေးပြွန်ကို ပိတ်ဆို့လိုက်ခြင်းဖြင့် ချွေးထွက်နည်းစေမှာပါ။
- Glycopyrrolate, Oxybutynin, Benztropine, Propantheline, Propranolol, Benzodiazipines စတဲ့ဆေးတွေဟာ ချွေးထွက်နည်းစေဖို့ သီးသန့်ထုတ်ထားတဲ့ဆေးတွေ မဟုတ်ပေမယ့် ချွေးထွက်နည်းအောင် သုံးတတ်ကြပါတယ်။ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ မသုံးသင့်ပါဘူး။
- Botox ကို ချွေးထွက်တဲ့နေရာတဝိုက် ထိုးလိုက်တဲ့အခါ ချွေးထွက်အောင် လှုံ့ဆော်ပေးတဲ့ ဓာတုပစ္စည်းတွေမထွက်အောင် တားဆီးပေးခြင်းဖြင့် ချွေးထွက်နည်းစေပါတယ်။ အာနိသင်ကတော့ ၃ လကနေ ၁ နှစ်အထိ ရှိနိုင်ပါတယ်။
- Anticholinergic ပါတဲ့ Topical Wipes နဲ့သုတ်ပေးခြင်းအားဖြင့်လည်း ချွေးထွက်နည်းအောင် လုပ်လို့ရပါတယ်။
- အသေးစားခွဲစိတ်မှုလုပ်ပြီး ချိုင်းကြားက ချွေးဂလင်းကို ဖြတ်ထုတ်တာ၊ စုပ်ထုတ်တာ၊ လေဆာနဲ့ ဖြတ်ထုတ်တာတွေလည်း လုပ်လို့ရပါတယ်။ ဒီလိုလုပ်တာက ချွေးဂလင်းကို အပြီးအပိုင်ဖယ်ရှားလိုက်တာ ဖြစ်တဲ့အတွက် ရေရှည်မှာ ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။
- ရောဂါအခံတစ်ခုခုကြောင့်၊ ဆေးတစ်မျိုးမျိုးကြောင့် ဖြစ်တာဆိုရင်တော့ ဆေးကို ရပ်လိုက်တာ၊ ရောဂါကို ကုသတာတွေကသာ ချွေးထွက်လွန်ခြင်းကို သက်သာစေမှာပါ။
ချွေးဟာ သဘာဝရဲ့ air conditioning ဆိုပေမယ့် ချွေးထွက်လွန်ရင်လည်း စိတ်ညစ်ရတာပါပဲ။ Healtppy fan လေးတွေလည်း ချွေးထွက်လွန်ခြင်း ဒုက္ခမှ ကင်းဝေးနိုင်ကြပါစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်